မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် အသျှင်ဦးဥတ္တမ ၏ နှစ် ၁၃၀ ပြည့် မွေးနေ့အမှတ်တရ။ ၂၀၀၉ ဒီဇင်ဘာ ၂၈ ရက်။

ဆရာတော် အသျှင်ဦးဥတ္တမ အကြောင်းကို လူငယ်မျိုးဆက်သစ်တို့ စံနမူယူ မှတ်သားသိရှိ နိုင်စေ၇န် ရည်ရွယ် ပါသည်။

ဆရာတော် အသျှင်ဦးဥတ္တမ ကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့ ၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်တွင် ဖခင် ဦးမြသာဦး နှင့် မိခင် ဒေါ်အောင်ကျော်ဖြူ တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ မွေးချင်း (၃) ဦး အနက် အကြီးဆုံးသား ဖြစ်သည်။ ညီငယ်အမည်မှာ ကျော်ထွန်းအောင်ဖြစ်ပြီး၊ ညီမငယ်အမည်မှာ မအိမ်စိုး ဖြစ်သည်။ ဆရာတော်တို့ညီအစ်ကိုနှစ်ယောက်ကို စစ်တွေမြို့ မူလတန်း အင်္ဂလိပ်ကျောင်းတွင် အပ်နှံသောအခါ သူငယ်တန်းသို့ ချထားသဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိသော ဆရာတော်က အတန်းတင်ပေးရန် ကျောင်းအုပ်ကြီးကို တောင်းဆိုခဲ့ သဖြင့် စာမေးပွဲစစ်ဆေးပြီး တတိယတန်းသို့ တင်ပေးခြင်းခံရလေသည်။ ဆရာတော်သည် (၅) တန်း အတန်းတင်စာမေးပွဲ တွင် နုတ်ဖြင့်မေး သင်ပုန်းဖြင့်ဖြေရသော စာမေးပွဲကို စစ်မေးနေစဉ် နောက်ဖေးသို့ သွားလိုသဖြင့်  ခွင့်တိုင်ပြီး ထွက်သွားရာ တစ်ပုဒ်ကို မဖြေလိုက်ရ သဖြင့် သင်္ချာ့ ၃-မှတ်လျော့ဖြင့် ဒုတိယဆုသာရရှိခဲ့သည်။ မျက်နှာဖြူအင်္ဂလိပ် ရခိုင်တိုင်းမင်းကြီး ကိုယ်တိုင် လာရောက် ဆုချီးမြင့်ခဲ့သော်လည်း ဒုတိယဆုကို လက်မခံလိုသော ဆရာတော်သည် ဆရာနှင့်မိဘများကကြိမ်းမောင်း သဖြင့် သွားရောက်ဆုယူခဲ့ အပြီးတွင် ဆုကို ချိုးဖဲ့ဆုတ်ဖြဲလျက် ရူပရွာချောင်းသို့လွင့်ပစ်ကာ ညီငယ်အား “ပထမဆုသာယူ ဒုတိယတို့ တတိယတို့ဆို ဘယ်တော့မှ မယူနဲ့”  ဟုလည်း ဆိုခဲ့လေသည်။ ဆရာတော်သည် ငယ်ရွယ်ချိန် အခါကတည်းက ပညာရေးထူးချွန်ခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ပညာသင်ယူခွင့် ရခဲ့သော်လည်း မိခင်က ခွင့်မပြုသဖြင့် မသွားရောက်ခဲ့ရပေ။

ဆရာတော် အသက် ၁၆ နှစ်အရွယ်တွင် မိဘများ၏ အစီအစဉ်ဖြင့် ရှင်သာမဏေ ပြုပေးခဲ့သည်။ စစ်တွေမြို့ ရွှေစေတီကျောင်း နှင်. ပခုက္ကူမြို့ ရေစကြို စာသင်တိုက်၌ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို သင်ယူခဲ့သည်။ ဆရာတော်.ပညာအရည်အချင်းကို သဘောကျသော တောင်ငူမြို့မှ ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးကြီး တစ်ဦးက သားအဖြစ် မွေးစားကာ ကာလကတ္တားမြို့သို့ ပညာသင်ရန် ပို့ပေးခဲ့သည်။ (၃) နှစ်အကြာတွင် အင်္ဂလိပ်ဆယ်တန်း အဆင့်ကို အောင်မြင်ခဲ့ ပြီး ဗမာပြည်သို့ ပြန်လာခဲ့ရာ သက်တော် (၁၉) နှစ်နှင့် (၂) လတွင် ဆွေမျိုးတော်စပ်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းခံပေးခဲ့သည်။

ရဟန်းပြုပြီး နောက်ပိုင်း ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ သွားရောက်ခဲ့ သည်။ အိန္ဒိယအမျိုးသား ကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်းဟိန္ဒူ စာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိဘာသာ ပါမောက္ခ အဖြစ်လည်း ဆောင်ရွက်ခဲ့သေးသည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ တဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ခရီးလှည့်၍ နိုင်ငံတကာ ရေးရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ်တွင် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံ အကြောင်းကို လေ့လာလိုစိတ် ဖြစ်လာသည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန် နိုင်ငံသို့သွားရောက်ကာ တိုကျို ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး သင်ကြားပြသခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသို့ အပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ဝင်ရောက် လေ့လာခဲ့သည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာ၌် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမှု အခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင် ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့် လည်းကောင်း၊ သူရိယသတင်းစာ စတင် တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ် လူလတ်များနှင့် လည်းကောင်း၊ အင်္ဂလိပ် လက်အောက်မှလွတ်မြောက်ရန် မည်သို့ ဆောင်ရွက်သင့် ကြကြောင်း နိုင်ငံရေး ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့လည်း ရေးသားဟောပြော သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။ ဆရာတော် ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲ့ဝင် ဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာ ကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့်ဆွေးနွေးခဲ့သည်။ ထို တရုတ် ကျောင်းသားများမှတဆင့် တရုတ် အမျိုးသားခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့် ခင်မင်ရင်းနှီးခဲ့ရာ၊ ယင်းမှ အထူး ကြည်ညို လေးစား သဖြင့် တရုတ် နိုင်ငံသို့  ပင့်ဖိတ်သွားခဲ့သည်။ ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေး ကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမ ကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော်သည် မြန်မာနိုင်ငံသို့ ပြန်ကြွ လာသည်။ ထိုအချိန်မှ စတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာ ဗဟုသုတများနှင့်ယှဉ်တွဲ၍နိုင်ငံရေး တရားများဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လို အင်အား ကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန် နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာ ရှိတယ်။”

ထို့ကြောင့်လည်း ဆရာတော် ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊

ဝံသာနုစိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့ သည်။

အထူးသဖြင့် ကရက်ဒေါက် ဂက်ဒေါက် (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည်သတင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနု အသင်း များလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြော မိန့်ကြားချက် များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယ သတင်းစာက တခန်းတနား ဖော်ပြ ခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ် ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။

ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများ ပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရားဟောပြောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌

“ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံ ဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုး ကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာ အဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃသမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်”

စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီ အဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပ နိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်း ခေါင်းဆောင်များအပါအ၀င် ရဟန်းရှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခဲ့သည်။

(၁၉၂၀) မတ်လ (၂၃) ရက်နေ့တွင် ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ ၌် “လိပ် အခွံခွါမည်” ဟူသောခေါင်းစဉ်ဖြင့် တရားဟောပြော ပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၂)လ အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။

ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပေးလာခဲ့သည်။ ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေး တရားများ ဟောကြားခဲ့ပြန်သည်။

(၁၉၂၂) ဇူလိုင်လ (၂) ရက်နေ့တွင် ဂျူဗလီဟော၌ ထောင်မှလွတ်မြောက်လာသော ဆရာတော်ကို ကန်တော့ပွဲသဘင် ကျင်းပရာ လူတစ်သောင်းမက စည်ကားခဲ့သည်၊ မတရားမှုကို ခေါင်းငုံမခံတတ်သော ဆရာတော်သည် ရန်သူကို လက်မြောက်အရူံးမပေးဘဲ နိုင်ငံအနှံ့လှည့်လည်ကာ မကြောက်တရား ဆက်လက် ဟောကြားခဲ့သည်။

(၁၉၂၃) ဇူလိုင်လ မှ စက်တင်ဘာလတွင် ဥရောပနိုင်ငံများ သို့ လှည့်လည်ကာ နိုင်ငံတကာ ဗဟုသုတများ ရှာဖွေ လေ့လာခဲ့သည်။

ထို့နောက် ဆရာတော်သည် မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး၊

“အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ”

“အင်္ဂလိပ် ဆိုင်တွေကို သပိတ်မှောက်ကြ”

“တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူအားပေးကြ”

“တိုင်းရင်းသား ဆိုင်တွေမှာ ၀ယ်ယူအားပေးကြ”

“ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ် ချမ်းသာမယ်”

“ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး ရအောင် တောင်းဆို ကြိုးပမ်းကြ”

“ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!)

စသော ကြွေးကြော်သံများ ကိုကြွေးကြော်ရင်း၊

(၁၉၂၄) အောက်တိုဘာလ တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်းရှိ နန်းတော်ရုပ်ရှင်ရုံ့ ၌်

“အစိုးရ မကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာရှိတယ်၊ ငုံမခံကြနဲ့”

ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ပြည်သူများကိုယ်တိုင် တိုက်ပွဲဝင်ကြရန် လှုံ့ဆော်ခဲ့ရာ (၇) ရက်အတွင်းဖမ်းဆီး ခံခဲ့ရသည်၊ တရားခွင်တွင် ဆရာတော်သည် အစိုးရအား ဆုံးမသော စာတမ်းရှည် ကြီးကို ဖတ်ကြားကာ “ငါ့ အပြစ်ရှိလျှင် အပြစ်ပေးလော” ဟုဆိုကာ တရားခွင်တွင် ပြန်လှန်လျှောက်လှဲချက် မပေးဘဲ နေခဲ့သည်။ ဒုတိယအကြိမ် အလုပ်ကြမ်းနှင့် ထောင်ဒါဏ် (၃) နှစ်ကျခံခဲ့ရပြီး (၁၉၂၇) မတ်လ (၂၀) ရက်နေ‹တွင် ပြန်လည်လွတ်မြောက်လာသောအခါ ပဲခူးနယ်တွင် ကျင်းပသော သံဃာသြ၀ါဒခံ ဦးစိုးသိမ်းဧ။် (၁၄) ကြိမ်မြောက် မြန်မာအသင်းချုပ်အစည်း အဝေးသို့တက်ရောက်လျက် တရားဟော စင်မြင့်ပေါ်မှနေ၍ု  သင်္ကန်းရုံကိုလှန်ကာ အကျဉ်းသားဝတ်စုံဖြင့် ဖြင်.ရုပ်သွင်ကို ပရိသတ်အား (၅) မိနစ်ခန့် ပြသခဲ့သည်။

ထို့နောက် ဗမာပြည်အနှံ့ လှည့်လည် တရားဟောရာ (၁၉၂၈) တွင် တတိယအကြိမ် ပြန်လည် အဖမ်းဆီး ခံခဲ့ရသည်။ ယင်းသို့ ဟောကြားခဲ့သော ရဲရဲတောက် တရားများကြောင့် ဆရာတော်သည် ကိုလိုနီခေတ်တွင် နိုင်ငံရေးအရ ပထမဦးဆုံး ထောင်ချခံခဲ့ရသော ပုဂ္ဂိုလ်ဖြစ်သွားခဲ့သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့် အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ် ထား၍ မရနိုင်ပေ။ ထို မြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူ ပြုပေးခဲ့ရာ တွင်လည်း သံဃာတော်များ နှင့်သံဃာ့သမဂ္ဂီအဖွဲ့များ ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာ မှ ပါဝင်ပေသည်။

ထိုသို့ သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွ ပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမ ပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျှက် တရားဘာဝနာ ပွားများ နေကြကုန်သော သံဃာတော်တို့အနေဖြင် ဆရာတော် ဦးဥတ္တမ၏

နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င် နိုင်ခဲ့ကြပေ။ နောင်နှစ် အတန်ငယ် ကြာသောအခါ ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကား ဝေါဟာရ အရ မာကြောသော်လည်း လက်တွေ့ အနှစ်သာရအရ အမျိုးဘာသာ သာသနာအတွက် အမှန်ပင် အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံ လာကြသည်။

ဆရာတော်သည် အိမ်နီးချင်းနိုင်ငံများမှ လွတ်လပ်ရေးကြိုးပမ်းသူ မျိုးချစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အိန္ဒိယမှ မဟတ္တမဂန္ဒီ၊ ၀န်ကြီးချုပ် နေရူးတို့နှင့်ပါ ရင်းနှီးသူ ဖြစ်သည်။

Cradock, get out!”ဟုဆိုကာ ဗြိတိသျှဘုရင်ခံကို သူရိယသတင်းစာမှနေ၍ု ပြောင်ပြောင်တင်းတင်း နှင်ထုတ်ခဲ့သူ။ ရခိုင် အမျိုးသားများ၊ ဗမာ အမျိုးသားများ အတွက်သာမက အာရှတိုက်တစ်ခွင်လုံး ကျွန်သဘောက်ဘ၀မှ လွတ်မြောက် ရေးအတွက် မနားမနေကြိုးပမ်းခဲ့သူ၊ အာရှနေ၀န်းဟု တင်စားခံခဲ့ရသူ၊ ဗမာ့လွတ်လပ်ရေးဖခင်ဟု တင်စားခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က “နယ်ချဲ့ဘုရင်ခံချုပ်ကို ဗမာပြည်က ထွက်သွားဖို့ ပထမဆုံး ရဲရဲတောက် စိန်ခေါ်ပြောဆိုဝံသူဟာ ဆရာတော်အသျှင်  ဦးဥတ္တမ ပဲ ဖြစ်တယ်”ဟု ၀န်ခံထုတ်ဖော် ချီးကျူးခဲ့ရသူ၊ ဗမာပြည်အနှံ့အပြားတွင် ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ် နှင့် တောင်သူလယ်သမား အရေးတော်ပုံများပေါ်ပေါက်ဖို့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူ၊ လက်နက်အားကိုးဖြင့် မတရားဖိနှိပ်သော နယ်ချဲ့ ကို အကြမ်းမဖက်၊ အနုနည်းဖြင့် ရဲဝံ့ပြောင်မြောက်စွာ ဆန့်ကျင်ခဲ့သဖြင့် “ဗမာပြည် ဧ။် ဂန္ဒီကြီး” ဟု တင်စားခံခဲ့ရသူ၊ Home Rule (ခေါ် ) ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် ပြတ်သားစွာတောင်းဆိုခဲ့သူ၊ ကျေးဇူးတော်ရှင် ဆရာတော် ဦးဥတ္တမ ကား ဗမာပြည် လွတ်လပ်ရေး ရခါနီး အချိန်တွင် နယ်ချဲ့အစိုးရဧ။် ညှဉ်းပမ်း နှိပ်စက်မှုဒဏ်၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ပင်ပန်းမှုဒဏ၊် ရောကျော်၊ ခွတုပ်၊ ဖော်လံဖား နိုင်ငံရေးသမားများဧ။် တစ်ပွဲတိုး အသုံးချမှုကိုခံရသောဒဏ် စသည့် နိုင်ငံရေးလောကဓံကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့၍ု  မီးစာကုန်၊ ဆီခမ်းလုချေပြီ၊ မိမိတို့ပါ တီ၊ မိမိတို့အုပ်စု အနိုင်ရရေးအတွက် စည်းရုံးရေးကာလတွင် နိုင်ငံရေး၊ ပုဂိုလ်ရေး သြဇာတိကမ ကြီးမားသော ဆရာတော်ကို ရှေ့တန်းတင်ကာ မဲဆွယ်ပေးဖို့ အပူကပ်ခဲ့ကြသော်လည်း မိမိတိုအာဏာရရှိလာချိန်၌် ဆရာတော် အိုမင်းမစွမ်း နာမကျန်း ဖြစ်လာချိန်တွင် “ဖုတ်လေ သည့် ငပိ ရှိသည်ဟုပင် မထင်” ဆိုသလို ပစ်ပယ်ထား ခဲ့ကြသည်။ ဘုရားမပြီးခင်မှာပင် ငြမ်းဖျက်ခဲ့ကြသည်။

သို့ဖြင့် တစ်ချိန်က “လိပ်ဆိုရင် ဘယ်လိပ်မှ မကောင်းဘူး” ဟု အစချီကာ နယ်ချဲ့ဆန့်ကျင်ရေးတရား၊ မကြောက်တရားဟောကာ ဗြိတိသျ အင်ပါယာဧ။် အုပ်ချုပ်ရေး ယန္တရားကို တစ်ကိုယ်တော်ဘ၀ဖြင့် အမြစ်မှကိုင်လှုပ် ခဲ့သော ဗမာ့လွတ်လပ်ရေးဧ။် ရှေ့တန်းတိုက်စစ်မှူးကြီးသည် ဘ၀နေ၀င်ချိန်တွင် ရုပ်ဝေဒနာ၊ စိတ်ဝေဒနာ ခံစားလျက် အသက်ရှင်ရပ်တည်ရေးအတွက် ရန်ကုန် မြို့အနှံ့ သူရူးတစ်ယောက်၊ သူတောင်းစားတစ်ယောက် ပမာ လှည့်လည် ရုန်း ကန်ရင်း (၁၉၃၉) သြဂုတ်လ (၁) ရက်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့် မိုးသည်းထဲ့ ၌ သတိလစ် မေ့မြောသွားခဲ့ရာမှ ရန်ကုန် ဆေးရုံကြီး တွင် ဆေးဝါးကုသမှုခံယူခဲ့သည့်တိုင် ပြန်လည် နာလံထူနိုင်ခြင်းမရှိတော့ဘဲ (၁၉၃၉) ခု စက်တင်ဘာလ (၉) ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ရ ပေသည်။ ပျံလွန်တော်မူချိန်တွင် ဆရာတော်မှာ သက်တော် (၆၀)။ ၀ါတာ် (၄၁) ၀ါသာ ရှိပေသေးသည်။

ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ စက်တင်ဘာလ (၉) ရက်နေ့ ကို အင်္ဂလိပ်ခေတ် မြန်မာ့ လွှတ်တော်က ဆရာတော် ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ စက်တင်ဘာလ (၁၁)ရက်နေ့တွင် ကျင်းပသော အောက်လွတ်တော် အစည်းအဝေး တွင် အမတ်များအားလုံး ၀မ်းနည်းသည့် အထိမ်းအမှတ် ဖြင့် (၅) မိနစ်ရပ်နားပြီး အရိုအသေ ပြုခဲ့ကြသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောင်္ကျား နိုးသောလားသို့’ လွတ်လပ်ရေး လမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစားစံစားနေရသော လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။

ယခု အချိန်အခါတွင်ကား ဗမာ့လွတ်လပ်ရေး ခရီးရှည်ချီတက်ပွဲမှ အမေ့ခံဥယျာဉ်မှူးကြီး တစ်ဦး အဖြစ်သို့ တဖြည်းဖြည်း တွန်းပို့ခံနေရချေပြီ။ နောက်ပိုင်းတွင် အာဏာပိုင်တို့သည်  ရွှေတိဂုံ စေတီတော် အနီးရှိ ဦးဥတ္တမပန်းခြံကို ကန်တော်မင် ပန်းခြံ အဖြစ် ပြန်လည်ပြောင်းလဲ ခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံ ရှိ ဦးဥတ္တမရုပ်တုကို မွမ်းမံမှု မရှိခြင်း၊ ဆရာတော် ရုပ်တုကို အရိုအသေပေးမှုများ၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ပန်းခွေချအလေးပြုခြင်း များအား တားမြစ်ခြင်း အရေးယူခြင်းများပင် ပြုလုပ်ခဲ့ကြပေသည်။

မည်သို့ပင် ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်တို့ကို မပျက်ပျက်အောင် မှေးမှိန်အောင် ဖျောက်ဖျက် နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ထ၀ရတည်ရှိနေပေလိမ့်မည်။

ယနေ့ခေတ် လူငယ်မျိုးဆက်သစ်တို့အနေဖြင့် ဆရာတော်ဦးဥတ္တမ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ု ကြိုးပမ်းအားထုတ်ကြမည်ဆိုလျှင် ဆရာတော်၏ဂုဏ်ကျေးဇူးကို မမေ့မလျော့ကြောင်း ပြသရာ ရောက်မည်ဟု ထင်မြင်ယူဆမိပေသည်။  ။

ဆရာတော်၏ဂုဏ်ကျေးဇူးကိုဦးခိုက်ပူဇော်လျှက်။  ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: