မစားရညှော်ခံ နေရသော ရခိုင် ပြည်သူ ပြည်သားများ

“မစားရညှော်ခံ နေရသော ရခိုင် ပြည်သူ ပြည်သားများ”

ပြည်ထောင်စုထဲရှိအခြားပြည်နယ်နှင့်တိုင်းများတွင် လျှပ်စစ်မီး မီတာခတစ်ယူနစ်ကို ကျပ် ၅၀ နဲ့ရနေတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်တဲ့ သဘာဝဓာတ်ငွေ့ထွက်သောဒေသမှ ရခိုင် ပြည်သူပြည်သားများမှာကား ဖယောင်းတိုင်မီးသာသာလင်းပြီး၊ အချိန်ပိုင်းသာလာသော လျှပ်စစ်မီးကို တစ်ယူနစ်မီတာခ ကျပ် ၅၀၀ပေးဆောင်နေရပေသည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် အခြေစိုက်စခန်းများ၊ ဆိပ်ခံတံတားများ၊ဓာတ်ငွေ့သန့်စင်စက်များ၊ တိုင်းတာရေးစက်များ၊ဖိအားမြှင့်စက်များ တည်ဆောက်ရန်မြေနေရာ နှင့် ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်ရှိဒေသခံပြည်သူလူထု၏ အိုးအိမ်အဆောက်အဦးများ၊ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရပြီး၊ထိုက်တန်သောလျော်ကြေး လည်းမရရှိပေ။

အခြေစိုက်စခန်းများ၊ ဆိပ်ခံတံတားများ၊ စက်ရုံများ တည်ဆောက်ထားသော ကျွန်းပတ်လည်တွင်လည်းငါးဖမ်းခွင့်မပြုပေ။ လယ်ယာလဲအသိမ်းခံရ၊ ငါးရှာဖမ်းစားခွင့်လဲမရှိသည့် အပြင် ဒေသခံများကိုလည်းသင့်လျှော်သောအလုပ်အကိုင် ဖန်တီးပေးမှူလဲမရှိပေ။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြောပလောက်သော အစီအမံ(Social Eco Planning) တစ်ခုမှမရှိသည့်အပြင်  ဒေသခံများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသော တာတမံများ၊လမ်းများကို စီမံကိန်းအတွက် ယူသုံးသဖြင့် အသုံးပြု၍မရလောက်အောင်ပျက်စီးကုန်ပြီး၊ နေ့ရွှေ့ညရွှေ့ဖြင့် ပြန်လည်ပြုပြင် ပေးခြင်းလည်းမပြုလုပ်ပေ။

သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှူများကိုလဲ ရေရှည်အတွက် စနစ်တကျ ပြန်လည် ထိန်းသိမ်းဆောင်ရွက်မှူ တစ်စုံတစ်ရာပြုလုပ်ခြင်း မတွေ့ရပေ။ ပင်လယ်ရေအောက် ပိုက်လိုင်းချရန်အတွက် မိုင်းခွဲဆောင်ရွက်သဖြင့်သန္တာကျောက်တန်းများပျက်စီးခြင်း၊ ရေနေသတ္တဝါအမြောက်အများသေကြေခြင်း၊ ရေနေသတ္တဝါများ စားကျက်ပြောင်းသွားသဖြင့်ဒေသခံများ ဝမ်းရေးအတွက် ငါးရှာဖွေမရခြင်းတို့ကို ကြုံတွေ့နေရပေသည်။ ထို့အပြင် ဓာတုစွန့်ပစ်ပစ္စည်းများ၊ရေဆိုး ရေညစ်များ၊အညစ်အကြေးများ၊ ပလက်စတစ် နှင့် အမှိုက်သရိုက်များကိုစည်းကမ်းမဲ့ ပင်လယ်ပြင်ထဲသို့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ ကမ်းခြေတွင်စုပုံထားခြင်းတို့ကိုတာဝန်သိစိတ်မဲ့စွာ လုပ်ဆောင်နေပေသည်။

ဤစီမံကိန်းမှဒေသခံများအတွက်ပေးသော နောက်ထပ်ရလဒ်ဆိုးတစ်ခုကား အာဏာပိုင်များ၏ပံ့ပိုးကူညီမှူဖြင့် အခြားဒေသများမှမည်သို့မည်ပုံ ရောက်ရှိလာမှန်းမသိသော ဆောင်ကြာမြိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများ၊စားသောက်ဆိုင်များ အလျှိုလျှိုပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ အချို့ဆို မြန်မာစကားပင်မပြောတတ်ဘဲ၊ စီမံကိန်းလုပ်ကိုင်သူတို့၏ မူရင်းနိုင်ငံဘာသာစကားဖြင့် ဆိုင်းဘုတ်တောင်ချိတ်ထားလိုက်သေးသည်။

ဟိုဘက်ခြမ်းကမိမိတို့၏သံယံဇာတဖြင့် လျှပ်စစ်မီးထိန်ထိန်ညီးနေသော အခြေစိုက်စခန်းများ၊ ဆိပ်ခံတံတားများ၊ စက်ရုံများကိုတွေ့မြင်နေရပြီး၊ဒေသခံ ရခိုင်ပြည်သူလူထု၏ သားသမီးများမှာကား ဖယောင်းတိုင်မီးဖြင့်အမှောင်ခွင်းအလင်းဆောင်ကာ စာကျက်နေကြရပေသည်။

နှစ်ပေါင်းသုံးဆယ်တာ စီမံကိန်းကာလအတွင်း ရွှေသဘာဝဓါတ်ငွေ့လုပ်ကွက်တစ်ခုထဲမှ (ရခိုင်ပြည်နယ်ရှိအခြားကမ်းလွန်လုပ်ကွက်များမပါ)ပြည်ထောင်စုအစိုးရအသားတင်ရရှိမည့်ခန့်မှန်းဝင်ငွေသည်အမေရိကန်ဒေါ်လာသန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ရှိပေမည်။

ယင်းအသားတင်ဝင်ငွေမှငါး(၅)ရာခိုင်နှုန်းမျှလောက်သောပမာဏခန့်ကိုအလွန်တရာမဖွံဖြိုးမတိုးတက်သဖြင့် ဒေသခံ ရခိုင်ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်နေသောလျှပ်စစ်မီးကဏ္ဌ၌ပြည်ထောင်စုအစိုးရအနေဖြင့်မည်သည့်အတွက်ကြောင့်မသုံးစွဲလိုဖြစ်နေရပါသနည်း။

(၁၀၀%- ၅% = ၉၅%)

ကျန်ကိုးဆယ့်ငါး (၉၅) ရာခိုင်နှုန်းသော အသားတင်ဝင်ငွေပမာဏကိုပြည်ထောင်စုအစိုးရတစ်ခုတည်းအတွက် သော်လည်းကောင်း သို့တည်းမဟုတ် အခြား ပြည်နယ်နှင့်တိုင်းများအတွက်သော်လည်းကောင်းပြည့်ပြည့်ဝ၀သုံးစွဲနိုင်ပါတယ်။

ရခိုင်ပြည်နယ်ရှိအခြားကမ်းလွန်လုပ်ကွက်များမှ ရရှိမည့်ဒေါ်လာသန်းပေါင်းများစွာသောဝင်ငွေများကိုလည်းပြည်ထောင်စုအစိုးရအနေဖြင့်ကောင်းကောင်းသုံးနိုင် ပါသေးတယ်။

ထပ်မံပိုင်းခြားကြည့်မည်ဆိုပါက  ပြည်ထောင်စုအစိုးရ အနေဖြင့် ရခိုင်ပြည်နယ် လျှပ်စစ်မီးကဏ္ဌအတွက်လောလောလတ်လတ်စတင်သုံးစွဲရမည့် ငွေကြေးပမာဏမှာ ဝင်ငွေပမာဏ၏ ငါး (၅) ရာခိုင်နှုန်း မဟုတ်ဘဲ၊ ဝင်ငွေပမာဏ၏သုညဒဿမသုညခုနှစ် (၀. ၀၇) ရာခိုင်နှုန်းခန့် ကိုသာ ကနဦးသုံးစွဲရန်လိုအပ်ပေလိမ့်မည်။

ယင်းသုညဒဿမသုညခုနှစ်(၀. ၀၇)ရာခိုင်နှုန်းဖြင့် HeavyDuty Gas Turbine-Generator Set, Step-up Transformer, Step-Down Transformer,Transmission Line, Generating Station, Sub-Station များဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ဝန်ထမ်းငှါးရန်းခန့်အပ်ခြင်းတို့ကိုပြုလုပ်ပြီး စတင်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူဖြန့်ဖြူးနိုင်ပေပြီ။

ကျန်ရှိသော လေးဒဿမကိုးသုံး(၄. ၉၃) ရာခိုင်နှုန်းမှာ နှစ်သုံးဆယ်ကာလအတွင်း ရခိုင်ပြည်တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှူအတွက်သုံးစွဲရမည့် သဘာဝဓာတ်ငွေ့ပမာဏကို ငွေကြေးဖြင့် ခုနှိမ်တွက်ချက်ထားခြင်းသာဖြစ်သည်။

ရွှေလုပ်ကွက်တစ်ခုထဲဝင်ငွေမှ ငါး (၅) ရာခိုင်နှုန်းမျှလောက်သာ။

စိုင်းဒင်အစရှိသောရေအားလျှပ်စစ်စီမံကိန်း နာမည်ကြီးတွေနဲ့မစားရဝမခန်း ချိုလိမ်ဆွဲ နှစ်သိမ့်မှူမျိုးကိုကားဘိုးဘွားလက်ထက်ကပင်ကြားဖူးနေကျဖြစ်၍၊ ထပ်ကာတစ်လဲလဲပြောသောပုံပြင်ကဲ့သို့ ရိုးအီလာချေပြီ။ကြားကောင်းအောင် ပုံပြင်နောက်တစ်ခု ပြောင်းပြောဟူ၍ပင်တောင်းဆိုရမလို ဖြစ်နေပေပြီ။

“ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်ထောင်စုကိုအသက်ပေးလို့ ဒို့ကာကွယ်မလေ၊ ဒါဒို့ပြည်ဒါဒို့မြေ ဒို့ပိုင်နက်မြေ” ဆိုတဲ့ နိုင်ငံတော်သီချင်းကို အမှန်တစ်ကယ် ပြည်ထောင်စုကိုချစ်မြတ်နိုးစိတ်ဖြင့် ကြက်သီးမွှေးညှင်းထစွာ အခြားသော ပြည်ထောင်စုသားများနှင့်အတူ အမြဲတမ်းသံကုန်၊ သံပြိုင် အော်ပြီးသီဆိုချင်နေသေးလို့ပါ။

ပြည်ထောင်စုဆိုသောဝေါဟာရကို ရခိုင်ပြည်သူပြည်သားများ နည်းနည်းလေးခံစားခွင့်ကြုံချင်လို့ပါ။

ပြည်ထောင်စု၏အရသာကို မြည်းစမ်း ကြည့်ပါရစေ။

လေးစားလျှက်။ ။

“အတ္တာဟိအတ္တနောနာထော”

ဇင်မောင်ရဲ(၂၀-၀၄-၂၀၁၃။ခေတ္တ စင်္ကပူရ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: